Thursday 3 September 2009 By: yatkhalay

Computer Network Standard များနှင့်အသုံးပြုသော Topology များ

နိဒါန်း
ယနေ့ကာလမှာ နည်းပညာတွေဟာ အချိန်နှင့်အမျှ တဟုန်ထိုးတိုးတက်လျက် ရှိပါတယ်။ အဲ့ဒီလို ကမ္ဘာတ၀န်းမှာ တိုးတက်လာတဲ့ နည်းပညာတွေကို ခေတ်နဲ့အမီ၊ အချိန်နဲ့တပြေးညီ လေ့လာသင်ယူနိုင်ဖို့ Computer Networking ဟာမရှိမဖြစ်လိုအပ်လာပါတယ်။ ယခင်က စာတိုက်၊ ကြေးနန်းနှင့် တယ်လီဖုန်း များကို အသုံးပြု၍ Information များ၊ data များကိုပေးပို့လက်ခံရာမှ ယခုအခါ computer များ၊ network server များကိုအသုံးပြု၍ နည်းပညာများကို ဖလှယ်နိုင်သည်အထိ တိုးတက်လာခဲ့ပါတယ်။
Network တစ်ခုဖြစ်ပေါ်လာဖို့ အနည်းဆုံး computer နှစ်လုံးလိုအပ်ပါတယ်။ တဖက် computer ထဲမှာ ရှိနေတဲ့information တွေကို လူကိုယ်တိုင် သယ်ဆောင် ဖလှယ်စရာမလိုဘဲ ဒီဘက် computer ကနေ ထိုင်ရာမထဘဲ ယူနိုင် သုံးနိုင်ရင် အဲ့ဒါ network ဖြစ်ပါတယ်။ Network တစ်ခု တည်ဆောက်ဖို့ အတွက် Network Standard ဆိုတာကိုလိုက်နာရပါတယ်။ Network Standard က ဘာတွေသတ်မှတ် ပေးသလဲဆိုတော့ အဲ့ဒီ Network မှာ အသုံးပြုမယ့် cable အမျိုးအစား၊ Access method၊ Network speed နဲ့ topology အခင်းအကျင်းတွေကို သတ်မှတ်ပေးထားပါတယ်။
IEEE မိတ်ဆက်
Network Standard တွေကို မဖော်ပြခင်မှာ IEEE ရဲ့အကြောင်းကို အနည်းငယ် တင်ပြပေးပါ့မယ်။ IEEE ဆိုတာ Institute of Electrical and Electronics Engineers ဖြစ်ပါတယ်။ IEEE, ဒါမှမဟုတ် I triple E လို့ လူသိများပါတယ်။ IEEE ဟာ အမေရိကန်နိုင်ငံမှာ တည်ရှိပြီး ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါ တယ်။ ၎င်းအဖွဲ့ကြီးမှာ ကော်မတီပေါင်းမြောက်မြားစွာပါဝင်ပြီး နယ်ပယ်အလိုက် လုပ်ဆောင်ကြပါတယ်။ အဲ့ဒီထဲကမှ IEEE 802 ဆိုတဲ့ ကော်မတီက ဘာတွေလုပ်ဆောင် နေသလဲဆိုတာ လေ့လာကြရအောင်။